Bond (ငွေချေးစာချုပ်)
Bond ကို ငွေကြေးအရောင်းအဝယ်လုပ်ငန်းတွေမှာ “ငွေချေးစာချုပ်” လို့အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ Bond (ငွေချေးစာချုပ်) ရောင်းထားသူက ဝယ်ထားသူကို စာချုပ်ပါအချက်အလက်အတိုင်း အတိုးပေးရပါတယ်။ အဲဒီ့အတိုးကို Coupon လို့ခေါ် ပါတယ်။ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ အဲဒီ့ချေးငွေတွေကို အကြေပြန်ဆပ်ရတာဖြစ်ပါတယ်။ Bond တွေကို ပိုင်ဆိုင်တဲ့ သူတွေဟာ ငွေထုတ်ချေးတဲ့သူတွေနဲ့တူပြီးတော့ Bond တွေကိုထုတ်ရောင်းတဲ့သူတွေကတော့ ငွေချေးငှားသူတွေ နဲ့တူပါတယ်။
ဆရာ ဘိုဘိုကျော်ငြိမ်း ကတော့ “အမေရိကန်ဆပ်ပရိုင်း၊ ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေးပြဿနာ” ဆိုတဲ့ဆောင်းပါးမှာ Bond ဆိုတာကို အောက်ပါအတိုင်းရှင်းလင်းထားပါတယ်။ ““Bond ဆိုတာက အာမခံနဲ့ ငွေချေး စာချုပ်တာပါပဲ၊ အစိုးရကဖြစ်စေ၊ ကုမ္ပဏီတစ်ခုက ဖြစ်စေ ငွေလိုတဲ့အခါ စာချုပ် ထုတ်ပြီး အများလူထုဆီက ငွေချေးခြင်းပါပဲ၊ ဥပမာ ဗာဂျီးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး က တံတားတခု ဆောက်လိုတယ်။ ဒေါ်လာ ၁ဝ သန်း ကုန်မယ်၊ အဲဒီအတွက် ဗာဂျီးနီးယား အစိုးရက အများလူထုကို စာချုပ် ထုတ်ရောင်းနိုင်ပါတယ်။ ဘွန်းစာချုပ်တွေမှာ ရေတို - တနှစ်အတွင်း ပြန်ဆပ်ရတာ။ အလယ်အလတ် - ၁ဝ နှစ်ပြည့်မှ ပြန်ဆပ်ရတာ။ ရေရှည် - ၁ဝ နှစ် အထက်မှာ ဆပ်ရတာတွေ ရှိပါတယ်။ ကူပွန် Coupon ဆိုတာက စာချုပ်ရဲ့ အတိုးနှုန်းပါ။ အကြမ်းအားဖြင့် စာချုပ် တစ်ခုကို ဒေါ်လာ တထောင်တန်လေ့ ရှိတယ်။ အမေရိကားမှာ တစ်နှစ်ကို နှစ်ကြိမ် အတိုးပေးပြီး၊ ဥရောပမှာတော့ တစ်နှစ်ကို တစ်ကြိမ်ပဲ ပေးလေ့ရှိပါတယ်။””
[ပြင်ဆင်ရန်] ဘယ်သူတွေက Bond ကိုထုတ်ရောင်းကြသလဲ?
အာဏာပိုင်အဖွဲ့အစည်းတွေ၊ ချေးငွေအရောင်းအဝယ်လုပ်တဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက Bond (ငွေချေးစာချုပ်) တွေကို ထုတ်ကြပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အရဆိုလျှင်တော့ ထိုငွေချေးစာချုပ်တွေကို အစုရှယ်ယာတွေ၊ ငွေချေးစာချုပ်တွေ အရောင်းအဝယ်လုပ်တဲ့ဘဏ်တွေ၊ အဖွဲ့အစည်းကြီးတွေက ဝယ်ပါတယ်။ ထိုအဖွဲ့တွေကမှတဆင့် ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ပြန်ရောင်း ကြတာဖြစ်ပါတယ်။
[ပြင်ဆင်ရန်] Bond နှင့်ပါတ်သက်၍ သိသင့်သောအရေးကြီးအချက်များ
- ၁။ Nominal Amount (ငွေပမာဏ ဘယ်လောက်ပေါ်မှာ အတိုးရမှာလဲ)၊ Principal Amount (စာချုပ်သက်တမ်း အကုန်မှာ ငွေပမာဏ ဘယ်လောက်ရမှာလဲ)
- ၂။ Issue Price (ငွေချေးစာချုပ် စရောင်းစဉ်ကတန်ဘိုး။ ပမာဏအားဖြင့်ဆိုလျှင် Nominal နှင့်အတူတူနီးပါးဖြစ်)
- ၃။ Maturity Date (ငွေချေးစာချုပ်သက်တမ်း) စာချုပ်သက်တမ်းအလိုက် Bond များကိုအောက်ပါအတိုင်းခွဲခြားထား သည်။
- ၁။ Short Term (Bills): စာချုပ်သက်တမ်း ၁ နှစ်အထိ
- ၂။ Medium Term (Notes): စာချုပ်သက်တမ်း ၁ နှစ်မှ ၁၀ နှစ်အထိ
- ၃။ Long Term (Bonds): စာချုပ်သက်တမ်း ၁၀ နှစ်အထက်
- ၄။ Coupon (အတိုးနှုန်း။ ပုံမှန်အားဖြင့်ဆိုလျှင် အတိုးနှုန်းမှာပုံသေဖြစ်သည်။ သို့သော်လည်း LIBOR ကဲ့သို့သော ငွေကြေးဈေးကွက်အညွှန်းကိန်း ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။)
- ၅။ The Quality of Issue (စာချုပ်အဆင့်ခွဲခြားမှု) ငွေချေးစာချုပ်၏ အဆင့်အတန်းကိုအောက်ပါအချက်များဖြင့်ခွဲခြားတတ်ကြပါတယ်။
- ၁။ ငွေကြေးစာချုပ်ရောင်းသူ(Issuer) နှင့် ဝယ်သူ(Bond Holder) နှစ်ဦးနှစ်ဖက်လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းအချက်အလက်များ နှင့် ဒေသတွင်းအာဏာပိုင်အဖွဲ့အစည်းများရဲ့ငွေချေးစာချုပ်နှင့် သက်ဆိုင် သောတိကျမှန်ကန်သည့် ဥပဒေများချမှတ်ထားမှု
- ၂။ ငွေကြေးစာချုပ်အဆင့်အတန်းသတ်မှတ်သော အဖွဲ့များရဲ့ အဆင့်သတ်မှတ်မှု
- ၆။ Coupon Date (အတိုးပေးသောအချိန်။ များသောအားဖြင့် ၆ လတစ်ခါ အတိုးပေးတတ်ကြပါတယ်)
- ၇။ Optionality (Bond တွေမှာ Call Option နဲ့ Put Option ဆိုပြီး Option ၂ ခုပါတတ်ကြပါတယ်)
- Call Option ဆိုတာက ငွေချေးစာချုပ်ရောင်းသူ (Issuer) နဲ့ဆိုင်ပါတယ်။ ငွေကြေးစာချုပ်သက်တမ်းမကုန်ခင် ချေးငွေတွေကို ပြန်ပေးခြင်း Callability လို့ခေါ်ပါတယ်။ စာချုပ်အဆင့်အတန်းသတ်မှတ်တဲ့အဖွဲ့ တွေကတော့ Call Option ပါတဲ့စာချုပ်တွေကို အဆင့်နှိမ့်ထားတတ်ပါ တယ်။ သာမန်ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်းဒါမျိုးစာချုပ်တွေက Risk များတယ်လို့ဆိုနိုင်ပါတယ်။
- Put Option ဆိုတာက စာချုပ်ဝယ်သူ (Bond Holder) နဲ့ဆိုင်ပါတယ်။ စာချုပ်သက်တမ်းမကုန်ခင် ချေးငွေတွေကိုပြန်ရချင်တယ်ဆိုရင် သုံးရတာဖြစ်ပါတယ်။ Putability လို့ခေါ်ပါတယ်။
- ၈။ Convertible Bond (Issuer ရဲ့ အစုရှယ်ယာတွေနဲ့ လဲလှယ်လို့ရခြင်း)
- ၉။ Exchangeable Bond (တခြားကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေနဲ့ လဲလှယ်လို့ရခြင်း)
[ပြင်ဆင်ရန်] ငွေချေးစာချုပ် (Bond) အမျိုးအစားများ
- ၁။ Fixed Rate Bonds (အတိုးနှုံးသေ ငွေချေးစာချုပ်များ)
အတိုးနှုံးမှာ စာချုပ်သက်တမ်းကုန်သည်အထိ တသမတ်တည်းဖြစ်သည်။
- ၂။ Floating Rate Notes (အတိုးနှုံးရှင် ငွေချေးစာချုပ်များ)
အတိုးနှုံးမှာ အရှင်ဖြစ်သည်။ ငွေကြေးဈေးကွက်အညွှန်းကိန်း များအပေါ်မူတည်၍ ပြောင်းလဲပါသည်။ အတိုးများမှာ ၁ လတစ်ခါ (သို့) ၃ လတစ်ခါ ပြောင်းလဲပါသည်။
- ၃။ Zero-Coupon Bonds (အတိုးနှုံးမပါ ငွေချေးစာချုပ်များ)
ဤစာချုပ်များမှာ စရောင်းကတည်းက ဈေးလျှော့၍ ရောင်းထားခြင်းဖြစ်သည်။ ဥပမာ၊ ၁၀၀၀ တန်စာချုပ်ကို ၈၀၀ နှင့်ရောင်းထားပြီး စာချုပ်သက်တမ်းကုန်လျှင် ပြန်ရသောပမာဏ (Principal Amount) မှာမူ ၁၀၀၀ ဖြစ်သည်။
- ၄။ Inflation Linked Bonds (ငွေကြေးဖေါင်းပွမှုနှုန်းနှင့် ဆက်စပ်ထားသေား ငွေချေးစာချုပ်များ)
ပုံမှန်အားဖြင့် Inflation Linked Bonds များမှရသော အတိုးနှုံး (Coupon) မှာ Fixed Rate Bonds များ၌ရသော အတိုးနှုံးထက်နည်းသည်။ Principal Amount နှင့် အတိုးနှုံးများမှာ ငွေကြေးဖေါင်းပွမှု နှင့် ဆက်စပ်ထားသဖြင့် အတိုး/အလျော့ ရှိနိုင်သည်။
- ၅။ Equity Linked Notes & Bonds (ကုမ္ပဏီ၏ရှယ်ယာတန်ဘိုး၊ တိုင်းပြည်၏ GDP တန်ဘိုး တို့နှင့်ဆက်စပ်ထား သောငွေချေးစာချုပ်များ)
- ၆။ Asset Backed Securities (အိမ်ခြံမြေ အစရှိသော ပိုင်ဆိုင်မှုကျောထောက်နောက်ခံရှိသည့် ငွေချေးစာချုပ်များ)
- Mortgage Backed Securities (MBSs)
- Collateralized Mortgage Obligations (CMOs)
- Collateralized Debt Obligations (CDOs)
- ၇။ Subordinated Bonds (ပုံမှန်အောက်အဆင့်ရှိသော ငွေချေးစာချုပ်များ)
ဥပမာအားဖြင့် ငွေချေးစာချုပ်များထုတ်ရောင်းထားသော ကုမ္မဏီ မှာ ဒေဝါလီခံခြင်း၊ ဖျက်သိမ်းခြင်းများလုပ်ပါက ငွေချေး စာချုပ်များကို ပြန်အမ်းရာ၌ Senior Bonds ကိုအရင်ဦးဆုံးပြန်အမ်းကာ နောက်ဆုံးမှ Subordinated Bonds များကို ပြန်အမ်းခြင်းဖြစ်သည်။ ဤကဲ့သို့သော Bonds များမှာ ရင်းနှီးမြုပ်နှံသူများအတွက် Risk များသည်ဟု သတ်မှတ်နိုင်သည်။