သရက်သီးသနပ် (အခြောက်) (Spicy Dry Mango Pickle)

 by Sofia for Food Magazine

          နေရာဒေသအလိုက် အသီးအနှံတို့ကို ကြာရှည်ခံ သိမ်းဆည်းသုံးဆောင်နိုင်အောင် အမျိုးမျိုးစီမံပြုလုပ်လေ့ရှိကြပါတယ်။ သရက်သီးသနပ်ကို အစိမ်းသနပ်၊ အခြောက်သနပ်၊ အချို၊ အစပ်၊ ချဉ်၊ ငန်၊ စပ် အရသာအမျိုးမျိုး ပြုလုပ်လေ့ရှိပါတယ်။ ယခုလုပ်ထားတာတော့ အခြောက်ကို အိအိလေးနဲ့ ချိုချဉ်စပ်လေး ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

သရက်သီးခြောက်  –  ၁ ကီလို

သကြား/ပျားရည်  –  ၅ ဇွန်း

အရောင်တင်ငရုတ်သီးမှုန့်  –  ၃ ဇွန်း

ဆီ  –  ၁၆၀ ဂရမ် (၁၀ ကျပ်သား)

မဆလာ  –  ၂ ဇွန်း (သနပ်မဆလာ)

ကြက်သွန်ဖြူ  –  လက်တစ်ဆုပ်

ငရုတ်သီးစိမ်း  –  အနည်းငယ်

မုန်ညင်းစေ့  –  ၁ ဇွန်း (နှစ်သက်က)

ပြုလုပ်နည်း

၁။       သရက်သီးခြောက်ကို ဆားများပြောင်စင်အောင်ဆေးပြီး ရေစစ်ထားကာ လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။

၂။       ပေါင်းအိုးတစ်အိုးထဲ ရေထည့်ပြီး ဆူပွက်အောင် တည်ထားပါ။

၃။       ရေဆူပွက်ပါက သရက်သီးကို အပူခံသော ဆန်ခါဗန်းထဲထည့်ပြီး ၁၀ မိနစ်ခန့် ပေါင်းပါ။

၎။       ပေါင်းပြီးပါက ထုတ်ယူပြီး အအေးခံထားပါ။

၅။       ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း အသင့်ပြုလုပ်ပါ။

၆။       အိုးတစ်အိုးထဲ ဆီပူအောင် တည်ပြီး အရောင်တင်ငရုတ်သီးမှုန့်၊ မုန်ညင်းစေ့၊ မဆလာကို ဆီသတ်ပါ။ သကြား (သို့) ပျားရည်ထည့်၍ ပျော်အောင်မွှေပြီး မီးပိတ်ကာ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း ထည့်ပါ။

၇။       အသင့်ပေါင်းထားသော သရက်သီးထည့်၍ သမအောင်မွှေပြီး အအေးခံထားပါ။

၈။       လုံးဝအေးသွားသောအခါ ပုလင်းသန့်သန့်ကို ရေခြောက်အောင် သုတ်ပြီး ထည့်၍ တစ်ရက် နှပ်ထားပါ။

၉။       ဒုတိယမြောက်ရက်မှာ ဆီကိုကျက်အောင်ချက်ပြီး မျက်နှာပြင်ကို ဆီဖုံးအောင် ထည့်၍ ပုလင်းကို လေလုံအောင် ပိတ်ပြီးထားပါ။

၁၀။     နှစ်ပတ်ခန့် နှပ်ပြီးပါက ရေခဲသေတ္တာထဲ ထည့်၍ သိမ်းဆည်းပြီး ဇွန်းသန့်သန့်ဖြင့် လိုသလောက် ထုတ်ယူသုံးဆောင်နိုင်ပါပြီ။

**      သရက်သီးခြောက်ကို ဆားနယ်ပြီး အခြောက်ထား၍ ဆားကို ပြောင်စင်အောင်ဆေးပြီး လိုအပ်မှသာ ဆားအနည်းငယ်ထည့်ပါ။

**      ရေနွေးငွေ့ဖြင့် မပေါင်းဘဲ ရေနွေးဆူဆူမှာလည်း ထည့်ဖျောနိုင်ပါတယ်။

**      ပြုလုပ်ပြီး တစ်ရက် အခြောက်နှပ်ထား၍ အရသာဝင်မှသာလျှင် ဆီကို မျက်နှာပြင်ဖုံးအောင် ထည့်ပြီး နှပ်ပါ။

Facebook Comments

Menu